Friday 7 November 2014

သိင်္ဂါရနယ်ခြား အဝိဇ္ဇာမှ ဝိဇ္ဇာသို့

 
မနေ့က ညနေစောင်း မိုးများက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝန်းကျင်ကို ရွာသွန်းနေပါတယ်။ ဒီနေ့တော့ သီရိလင်္ကာရဲ့ နံနက်ခင်း နေရောင်ခြည်က တောက်ပလျက်ရှိနေပါသည်။ စာရေးသူ၏ ကလောင်သွားများကလည်း လှုပ်ရှားအသက်ဝင်လျက် တန်ဆောင်းမုန်း လပြည့်နေ့ အကြောင်းလေးတွေကို ရေးသားနေခြင်းပင်ဖြစ်သည်။

ဘာကြောင့်လည်းဆိုတော့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်ကြောင့် အယူမှားမှုမှ အယူမှန်လာသော အဇာတသတ်မင်းကြီး အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ နှစ်တွေ လတွေ ဘယ်လိုပင် ပြောင်းလွဲလာပေမဲ့ ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် နေ့ထူးတွေကိုတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သတိပြုမိမည်မှာ မလွဲပါ။

ယခုအခါ သာသနာနှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ခရစ်နှစ် ၂၀၁၄ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါတယ်။

သာမညသည် သမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်။

တနည်းပြောရလျင် တန်ဆောင်မုန်းလသည် မြန်မာ့ (၁၂) လ ရာသီတွင် ရှစ်လမြောက် လ ပင်ဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လ လည်းဖြစ်သည်။

ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာအလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။

သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။

အခါတစ်ပါး၌ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် (၁၂၅၀) တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော ရဟန်းသံဃာတော်တို့ နှင့် အတူ ရာဇဂြိုလ်မြို့ အဘယမင်းသား၏ မွေးစားသားဖြစ်သော သမားတော်ကြီး ဆရာဇီဝက၏ သရက် ဥယျာဉ်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်က ငွေစန္ဒာ လမင်းကြီး အစွမ်းကုန် ထိန်ထိန်သာသည့် တန်ဆောင်မုန်း လပြည်နေ့ည အခါဖြစ်သည်။

အဲဒီအချိန် အတိတ်ကာလက အမှားတွေ ဗလာပွနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော မာဂဓတိုင်းဘုရင် အဇာတသတ်သည် သူယုတ်မာ ဆရာဒေ၀ဒတ်စကားကို လိုက်နာ၍ သောတပန်အရိယာဖြစ်သော ခမည်းတော် ဗိမ္မိသာရမင်းကြီးကို ခြေဖ၀ါးဓားနဲ့ ခွဲ၊ ဆားနှင့်သိပ်ပြီး မသေသေအောင် သတ်ခဲ့သည့် နောင်တတွေနှင့် သူ၏သားတော် ဥဒယဘဒ္ဒ ဖွားမြင်သည့်နေ့တွင် မိဘကျေးဇူးကို စတင်သိခဲ့ရပြီး သူ၏ မိုက်ပြစ်ကို နောင်တကြီးစွာ ရခဲ့လေသည်။ သူ၏ဆရာဖြစ်သော ဒေ၀ဒတ်လည်း မြတ်စွာဘုရားရှင်အား ပြစ်မှား လုပ်ကြံပြီးနောက် မြေမျိုခံခဲ့ရပြီ ဖြစ်သည်။

အဲဒီအချိန်မှစပြီး အဇာတသတ်၏ စိတ်အစဉ်သည် အတိတ်ကာလဆီက ပြုခဲ့သော အကုသိုလ်ကံ၏ အရိပ်နိမိတ်တို့က သူ့အား အချိန်ရှိတိုင်း ခြောက်လှန့်၍နေပါသည်။ တနေ့ အဇာတသတ်မင်းသည် မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင် ကျင်းပနေပါတယ်။ ညီလာခံကျင်းပရာတွင်လည်း အဇာတသတ်က အကုသိုလ် နိမိတ်များ ဖြစ်လာသည့် အကြောင်းကိုသာ တင်ပြလာသည်။ ထို့ကြောင့် ဆရာဇီဝကက အဇာတသတ်၏ အကုသိုလ်များ ဖြေဖျောက်နိုင်ရန် အလိုငှာ ဇေတဝန သရက်ဥယျာဉ်မှာ မြတ်စွာဘုရား သီတင်းသုံးတော်မူသည်ကို လျှောက်တင်လိုက်သည်။ ပြီးတော့ အသေးစိတ်အားဖြင့် ဆရာဇီဝက၏ လျှောက်တင်ချက်အတိုင်း လက်ခံပြီး မြတ်စွာဘုရား သီတင်းသုံးတော် မှုရာ ဇေတဝန သရက်ဥယာဉ်ကျောင်းတိုက်သို့ မှုးမတ်ဗိုလ်ပါ အခြံအရံများစွာခေါ်၍ သွားလေ၏။

အဇာတသတ်မင်းကြီးသည် စစ်သည်ဗိုလ်ပါတွေနှင့် ခရီးဆက်လာရင်း လမ်းခုလပ် ရောက်တော့ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်းစင်ပပြီး ကြည်နူးသာယာဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီးသော်အခါ.............

၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။

၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။

၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။

၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။

၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။

လို့ မှူးမတ် အပေါင်း ခြံရံသည့်ကြားက အဇာတသတ် မင်းသားက အထက်ပါ စကားငါးခွန်းနဲ့

ချီးမွမ်းနေပါတယ်။

သို့သော် အဇာတသတ်မင်းကြီးဟာ အဖေကို သတ်မိတဲ့ သောကတွေနှင့် မိမိပြုလုပ်မိတဲ့ အကုသိုလ်ကံကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ ဖြစ်နေပါတယ်။ ညရဲ့ အမှောင်ကလည်း တဖြေးဖြေး ကြီးစိုးလာပါတယ်။ အဇာတသတ်မင်းကြီးကလည်း ဆရာဇီဝက "ငါ့ကို လုပ်ကြံမှာလား" ဒွိဟ စိတ်တွေ ဝင်လာသလို အတွေး အိမ်ထဲမှာ ကြောက်စိတ်တွေကလည်း တဖြေးဖြေး ကြီးစိုးနေပါတယ်။ မှူးမတ် ဗိုလ်ပါတွေကလည်း မီးတုတ်လေးများ ကိုယ်စီ ကိုင်ဆောင်လျက် တရွေ့ရွေ့ လျှောက်လှမ်းနေပါတယ်။ ဆီးမီးတန်းများက ညရဲ့ အလှကို တန်ဆာဆင်နေသလို ကောင်းကင်က ငွေစန္ဒာ လမင်းကြီးနှင့် ကြယ်တွေကလည်း အလှတန်ဆာဆင်ပါတယ်။ မကြာမှီ မြတ်စွာဘုရား သီတင်းသုံးတော်မူသော ဇေတဝန သရက်ဥယျာဉ်ကို ရောက်သွားလေသည်။ အဇာတသတ်မင်းကြီးသည် မြတ်ဗုဒ္ဓ၏ထံတော်ပါးတွင် ရိုသေစွာ ဦးခိုက်ကန်တော့၍ မြတ်စွာဘုရားအား ဤသို့လျှောက်တင်လေသည်။

မြတ်စွာဘုရားရှင်အား အဇာတသတ်မင်းကြီးက "ရှင်တော်မြတ်ဘုရား မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်သိမြင် ရသော ရဟန်းပြုခြင်း၏ အကျိုးကိုပြခြင်းငှာ တတ်နိုင်ပါသလော?" မေးလျှောက်ပါတယ်။

မြတ်စွာဘုရားက ရဟန်းပြုရသည့် အကျိုးကျေးဇူးကြောင့် အပူဇော်ခံရခြင်းများကိုလည်းကောင်း၊ စူဠာသီလ၊ မဇ္ဈိမသီလ၊ မဟာသီလတို့ကို ဖြည့်ကျင့်ပြီး တဆင့်တက်ကာ ဣနြေ္ဒကို စောင့်စည်းခြင်း ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း ၊ရောင့်ရဲလွယ်ခြင်း၊ နီဝရဏတရား ငါးပါးတို့ဖြင့် ပယ်ခြင်းတို့ကိုလည်းကောင်း၊ ပထမဈာန်မှ စတုထ္ထဈာန် အထိရနိုင်ပုံတို့ ကို ဟောတော်မူပြီး တဆင့်တက်ကာ ၀ိပဿနာဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ဣဒ္ဓိ၀ိဓဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ စုကူပပါတဉာဏ်၊ အာသ၀က္ခဉာဏ်တို့ဖြင့် အရတ္တမဂ်ဉာဏ် တိုင်အောင် အဆင့်ဆင့် သာလွန်မြင့်မြတ်သည့် ၀ိဇ္ဖာရှစ်ပါး တရားထူးကို ရနိုင်သည့် ရဟန်းပြုရခြင်း၏ မျက်မှောက်ဘ၀အကျိုးဖြစ်သော သာမညဖလသုတ်ကို အကျယ်တ၀င့် ဟောကြားတော်မူပါသည်။

ထို့ကြောင့် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သာမညဖလသုတ်ကို အဇာတသတ်မင်းကြီး နားကြားပြီးသောအခါတွင် အမှောင်ထု ပိတ်ဖုံးထားသည့် အဝိဇ္ဇာ အတိတ်ဆိုးတွေ ပျောက်ကွယ်၍ ဝိဇ္ဇာ အသိဖြင့် လူသစ်စိတ်သစ်နှင့် အတွေးအခေါ်သစ်များ ဖြစ်ပေါ်လာကာ သာသနာတော်ကို ကြည်ညိုလေးစားပြီး ရတနာသုံးပါး ပူဇော်မှုများကို များစွာ ပြုလုပ်ခဲ့သည့်အပြင် ပထမ သင်္ဂါယနာတင် သာသနာပြု မင်းမြတ်ဖြစ်ခဲ့သည်။

ထို့ပြင်လည်း သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှာ တန်ဆောင်မုန်းလပြည့်နေ့အထိ ဗုဒ္ဓဘာသာဝင်တွေ အနေဖြင့် ဘာသာရေး အထိမ်းအမှတ်အဖြစ် ထင်ရှားသည်မှာ ကထိန်ခင်းခြင်းဖြစ်သည်။

ပြီးတော့ ဒီနေ့လို့ တန်ဆောင်မုန်းလပြည့်နေ့မှာပင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသဖြင့် မဲဇလီပင်သည် ဆေးပေါင်းခသည် ဟု မြန်မာ အစဉ်အလာ အနေဖြင့် ယူဆထားကြအတိုင်း ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး (၉၆) ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ရိုးရာဆေးကျမ်းတို့တွင် လည်း ဖော်ပြပါရှိသည်။

၎င်းအဆိုတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာစေရန် မဲဇလီဖူးသုပ်ကို မြန်မာတို့က စားသုံးကြသလို တန်ဆောင်မုန်းလသည်ပင် သာယာအေးချမ်းသော လဖြစ်သည်နှင့် အညီ အများပြည်သူတို့အတွက် ပျော်ပွဲရွှင်ပွဲ မီးပွဲသဘင်များ ဆင်ယင်ကျင်းပချိန်ဖြစ်ပါသည်

နိဂုံးချုပ်အနေဖြင့် အားလုံးသော ပြည်ပရောက် မြန်မာ့ သူတော်ကောင်း၊ ပြည်တွင်းရှိ သူတော်ကောင်း အားလုံး ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ်လာတွေကို သိရှိ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ဆထက်မက တိုးပွားအောင် ပြုလုပ်နိုင်ကြပါစေ၊ သာမညဖလ သုတ်တော်လာသည့်အတိုင်းလည်း ကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

=====================၀၀၀==========================

အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)

တက္ကသိုလ်မြတ်မင်း

မဟာဝိဇ္ဇာ ၊ ပီအိပ် (ခ်ျ) ဒီ (Thesis)

No comments:

Post a Comment